ခန္တီးမြို့၌ လူငယ်စကားဝိုင်းကျင်းပ

ခန္တီး စက်တင်ဘာ ၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ကစကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ် ၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က ဦးဆောင်နွေးဆွေးသူအဖြစ်ဆောင်ရွက်ကာ Grade-10မှကျောင်းသား၊ ကျောင်းသူလေးများဖြစ်သည့် မဆုလာဘ်မြင့်မိုရ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သန်းထွဋ်အောင်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်မွန်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မျိုးပိုင်ခန့်က လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က လိုအပ်သည်များကို ဖြည့်စွက် ဖြေကြားပေးခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူလေးများ (၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)