ဝေါ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သည့်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးနဌာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆုဝေကျော်က ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးဟောပြောကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မဈေးအတွင်း စားသောက်ကုန်ပစ္စည်းများရောင်းချသူများနှင့် စာသင်ကျောင်းများအတွင်း ကျောင်းဈေးရောင်းသူများတက်ရောက်ကြပြီး၊ တက်ရောက်လာသူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက ဝမ်းပျက်၊ ဝမ်းလျှောရောဂါအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)