ငါးသိုင်းချောင်းမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တက်ဆိပ်ကျောင်း၌ ယမန်နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တက်ဆိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးခင်မောင်မြင့်က ကျောင်းသား/ ကျောင်းသူများအား ဦးနှောက်ဖြင့်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းမင်းလတ်က လူငယ်နှင့်အစားအသောက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ၊ နည်းစနစ်မှူးဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး အခြေခံကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ကျောင်းသူလေးများနှင့်အတူ လက်တွေ့ပြသလုပ်ဆောင်ကာ အားကစားပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)