ငါးသိုင်းချောင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့ အ.ထ.က (ခွဲ) တက်ဆိပ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အ.ထ.က (ခွဲ)တက်ဆိပ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်မာလာအောင်နှင့်ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းပြ ဦးဝေယံထွန်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ)တက်ဆိပ်ကျောင်းမှ Grade-9 ကျောင်းသား မောင်သျားထက်နိုင်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 10 ကျောင်းသူမကေဇင်ခိုင်က လူငယ်နှင့်မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသား မောင်နိုင်မြင့်ကလူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မသော်ဇင်ထွဋ်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 9 ကျောင်းသူ မအေးမြတ်အောင်ကလူငယ်နှင့် ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့်အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကိုပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ကျောင်းသူ (၁၆၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း ( ပြန်/ဆက်)