ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့်လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှုအခြေအနေအား ကြည့်ရှုအားပေး

ကန်ကြီးထောင့်    စက်တင်ဘာ     ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီ အချိန်ခန့်က ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာသို့ ရောက်ရှိလာပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများ ပြန်လည်စိုက်ပျိုးနေမှု အခြေအနေအား လာရောက်ကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင် မောင်ဝင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်  ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုတို့ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၆ C ၊ ဦးပိုင်အမှတ် ၁၀/က၊ တောင်သူဦးချစ်ထွေး၏ ထိခိုက်လယ်(၉)ဧကအနက်(၈)ဧကတွင် ရက်(၉၀)စပါးမျိုးအား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် ပြန်လည်စိုက်ပျိုးနေမှု အခြေအနေများကို လာရောက်ကြည့်ရှုကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးတို့က လိုက်လံရှင်းလင်းပြသခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါလယ်ယာမြေများအတွင်း စပါးစိုက်ပျိုးကြသည့် တောင်သူများအား မုန့်နှင့်အချိုရည်များပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)