ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဝေါ အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘိုကတော်ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဘိုကတော်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကိုပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းဆက်ညှိနှိုင်ပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.ထ.က(ခွဲ) ဘိုကတော်ကျောင်းမှ  Grade(10) ကျောင်းသား မောင်ဖြိုးမင်းနောင်က စာဖတ်ခြင်းမှအသိပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်ဖြိုဇင်အောင်က ပညာရှေ့ဆောင်အကျိုး‌အောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade(11) ကျောင်းသူ မနှင်းဧကရီစိုးက စာပေဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11) ကျောင်းသူ မအေးသဇင်သိန်းက လုံ့လမရှိတဲ့ပျားကလေး ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ Grade(10) ကျောင်းသား မောင်ကျော်ဇေယျာထွန်းက လူငယ်နှင့် ဘဝရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသား မောင်ထက်လင်းကိုက တန်ဖိုးသိမှတန်ဖိုးရှိမည် စသည့်ခေါင်းစဉ်တို့ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ  စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ပြော‌ကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)