ချောင်းသာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မှာ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ချောင်းသာမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အားကစားကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မျိုးဆက်သစ်အမျိုးသမီး ဘောလုံးကစားသမားများ ပေါ်ထွက်လာစေရန်ရည်၍ ချောင်းသာမြို့ပေါ် အမျိုးသမီးအသင်းနှင့် သဘော့ကန်ကျေးရွာ အမျိုးသမီးအသင်းအသင်းတို့က ချစ်ကြည်ရေးယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပခဲ့ရာ 2 Star FC အသင်းနှင့် ရပ်ကွက်(၂) အသင်းတို့က အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ရပ်ကွက်(၂) အသင်းမှ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ချောင်းသာမြို့(ခေတ္တ) အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘောလုံးပြိုင်ပွဲတွင် ပထမရရှိခဲ့သော ရပ်ကွက်(၂) အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်ခဲ့ကြသည့် မြို့အဆင့်ဌာနဆိုင်ရာများနှင့် မြို့အားကစားကော်မတီအဖွဲ့များက ဒုတိယဆုရရှိခဲ့သော 2 Star FC အသင်းနှင့် တစ်ဦးချင်းအကောင်းဆုံး ကစားသမားဆု ရရှိခဲ့သောကစားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ချောင်းသာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အသင်းစုစုပေါင်း ၁၂ သင်းတို့က ပါဝင်ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ချောင်းသာ(ပြန်/ဆက်)