ပွင့်ဖြူ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးရွာသွန်းမှုကောင်းမွန်သည့်အတွက် ဒေသခံတောင်သူများ အားထားစိုက်ပျိုးခဲ့သည့် မြေပဲစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး ယခုအခါ မြေပဲစိုက်ခင်းများမှာ နုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက အထွက်နှုန်း လျော့ကျမှုမဖြစ်စေရေး နုတ်သိမ်းလျက်ရှိကြောင်းနှင့် မြေပဲအထွက်နှုန်းများ ကောင်းမွန်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
"ကျွန်တော်တို့ဒေသမှာ တောင်သူအများစုက နှစ်စဉ် မိုးဦးမိုးနဲ့ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို ဒေသတွင်း စားသုံးဆီရိက္ခာ ဖူလုံပိုလျှံစေရေးအတွက် အားထားစိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ တောင်သူအများစု စိုက်ပျိုးတဲ့ မြေပဲမျိုးကတော့ (မကွေး - ၁၁ )မြေပဲမျိုးများကို စီးပွားဖြစ် စိုက်ပျိုးတာဖြစ်ပါတယ်။ ယခုဆိုရင် ကျေးရွာအချို့မှာ မိုးဦးမိုးနဲ့ မြေပဲသီးနှံ ဆောလျင်စွာ စိုက်ပျိုးတဲ့တောင်သူတွေဟာ မြေပဲစိုက်ခင်းတွေ စတင်သိမ်းဆည်းနေကြပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာ မိုးရွာသွန်းမှုကလည်း ကောင်းမွန်ခဲ့တဲ့အတွက် ဆီထွက်သီးနှံ မြေပဲစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး အထွက်နှုန်းလည်း ကောင်းပါတယ်။ တစ်ဧကကို မြေပဲတောင့်တင်းရေ ၅၄ ဒသမ ၃၂ တင်းခန့် ထွက်ရှိတယ်။ သီးနှံအထွက်နှုန်း လျော့နည်းမှုမဖြစ်စေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းတွေက သီးနှံအချိန်မီ ရိတ်သိမ်းနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးတဲ့အတွက် မြေပဲစိုက်ပျိုးတောင်သူတွေ အဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေ အကျိုးအမြတ် ရရှိစေမည့် ဈေးကွက်ဝင်သီးနှံများကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း ၊ နေကြာ ၊ မြေပဲ ၊ ပဲတီစိမ်း ၊ ပဲကြီး ၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် ဒေသခံတောင်သူများ မိုးဦးမိုးနဲ့ စိုက်ပျိုးသည့် မြေပဲစိုက်ခင်းများမှာ မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သီးနှံအထွက်နှုန်းများလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွား စေရန်အတွက် ဆီထွက်သီးနှံ မြေပဲအား ၁၆၆၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၃၃၆၉ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ မြေပဲစိုက်ခင်းများမှာ နုတ်သိမ်း ရောက်ရှိလာပြီဖြစ်၍ ဇူလိုင်လကုန်ပိုင်းက စတင်သိမ်းဆည်းခဲ့ရာ ယနေ့ထိ မြေပဲစိုက်ဧက ၃၅၂ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)