ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁)နှစ်အောက် အလွတ်တန်းအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူး စက်တင်ဘာ ၇  

တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ်အလာကြီးမားခဲ့သည့် ပဲခူးတိုင်း၏ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ဟံသာဝတီဖလား အသက်(၂၁) နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။      

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရန်ကုန်ဒေသကြီးအသင်းမှ ကျောနံပါတ်(၁)မောင်ပိုင်မှူးခန့်အား တိုင်းဒေသကြီးအတွင်းရေးမှူး ဦးအေးမောင်ကြည်က ဆုငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုရရှိသူ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၄)မောင်အောင်လင်းထွန်းအား တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ဆုငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးဆုရရှိသူ ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၆)မောင်အောင်ကောင်းမြတ်အား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဆုငွေကျပ်(၅)သိန်းကို လည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၇) မောင်ရဲထွန်းနိုင်အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေက ဆုငွေကျပ်(၅)သိန်းကို လည်းကောင်း၊ အကောင်းဆုံးအားကစားသမားဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀) မောင်နေလင်းသန့်အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ဆုငွေကျပ်(၅)သိန်းကို လည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ကျပ်(၇၅)သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။       

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်သိန်း(၁၀၀)ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။         

အဆိုပါ အသက်(၂၁)နှစ်အောက် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအား သြဂုတ်လ(၂၈) ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအသင်း၊ BAGO STAR အသင်း၊ ဘုရားကြီးမြို့အသင်း၊ ရှင်စောပုအသင်း၊ ပဲခူး(ဥဿာ)အသင်း၊ ရခိုင်ပြည်နယ်အသင်း၊ ရွှေကျင်မြို့နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကမ္ဘောဇသာဒီအသင်းနှင့် BAGO (HANTHARWADI) အသင်း စသည့်အသင်း(၁၀)သင်း၊ ပါဝင်ကာယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)