မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) The 5th ICT Project Competition & Show, 2024”  အခမ်းအနား တက်ရောက်

မကွေး စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်(မကွေး) The 5th ICT Project Competition & Show, 2024”  အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွန်ပျူတာတက္ကသိုလ်(မကွေး)၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အခုလိုမျိုး ကျောင်းသား၊ ကျောင်းသူများရဲ့စာတွေ့နဲ့ လက်တွေ့ကိုပေါင်းစပ်ကာ မိမိသင်ယူတတ်မြောက်ထားတဲ့ ဘာသာရပ်ကို အသုံးချပြီး ပတ်ဝန်းကျင်ကို ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့ အတွေးတွေကို ဆွဲထုတ်ပြတဲ့ ပရောဂျက်ပြပွဲနှင့် ပြိုင်ပွဲကို ကျင်းပခြင်းဟာ တက္ကသိုလ်တစ်ခုအနေနဲ့ တကယ်ကိုပဲ လုပ်သင့် လုပ်ထိုက်တဲ့ အခမ်းအနား တစ်ခုဖြစ်တယ်လို့ ပြောကြားလိုပါကြောင်း၊ ယနေ့ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံ အသီးသီးဟာ ICT နည်းပညာတစ်ခုဖြစ်တဲ့ ဒစ်ဂျစ်တယ်စနစ်ကို အသုံးချပြီး လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်မှုစတဲ့ ကဏ္ဍအသီးသီးကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက် ဆောင်ရွက်နေကြတာဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအနေနဲ့လည်း မိမိနိုင်ငံ၏ ပထဝီအနေအထား၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှုနှင့် နိုင်ငံရေးအခြေအနေများပေါ်မူတည်ပြီး မိမိနိုင်ငံနှင့်ကိုက်ညီမည့် မဟာဗျူဟာများ၊ နည်းပညာများ၊ နည်းလမ်းများနှင့် အကောင်အထည် ဖော်ဆောင်မည့်ပုံစံများ ကို ရွေးချယ်သတ်မှတ်ပြီး Master Plan များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါကြောင်း၊ ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာတဲ့ ဒစ်ဂျစ်တယ် နည်းပညာများကြောင့် လူမှုစီးပွားဘဝများအပေါ် များစွာအကျိုးသက်ရောက်မှု ရှိလာတဲ့အတွက် ICT ကဏ္ဍများမှာ နည်းပညာနှင့် ကျွမ်းကျင်မှုအတွက် လူ့စွမ်းအားအရင်းအမြစ်များလည်း ပိုမိုလိုအပ်လာမှာဖြစ်ပါကြောင်း၊ ICT နည်းပညာရဲ့ အရေးကြီးလာမှု၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းများဆိုင်ရာ ICT နည်းပညာ ကဏ္ဍတွေမှာ ကွန်ပျူတာတက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ပါဝင်စွမ်းဆောင် နိုင်မှုများနဲ့ အကျိုးရလဒ်များ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ပတ်သက်ပြီး လုံခြုံစိတ်ချရတဲ့ လူမှုကွန်ယက် ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက်လည်း ကြိုးစားဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ယခုလို နည်းပညာခေတ်ကြီးမှာ အနာဂတ်ရဲ့ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တိုင်းအတွက် အရေးကြီးတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့ ICT ပညာရပ်ဟာ တတ်မြောက်ထားဖို့လိုအပ်ကြောင်း၊ ရှေ့ဆက်ရမယ့် ကမ္ဘာကြီးဟာ ICT နည်းပညာအား ကောင်းကောင်းနဲ့ ဆက်လက်မောင်းနှင်နေမှာဖြစ်သလို၊ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံပိုင်လုပ်ငန်းကြီးတွေ၊ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ အားလုံးဟာလဲ နည်းပညာကို အခြေခံပြီး ဆက်သွားကြမှာဖြစ်တဲ့အတွက် မိမိတို့ရဲ့လုပ်ငန်း အားလုံးအတွက် ICT နည်းပညာဟာ များစွာအထောက်အကူဖြစ်လာမှာ ဖြစ်ပါကြောင်း၊ ပညာရေးစနစ်များ၊ အသိပညာဗဟုသုတ ဖြန့်ဝေခြင်းများ၊ သတင်းအချက်အလက် ရယူခြင်းများ၊ အရည်အသွေးပြည့်မီပြီး ထိရောက်သည့် သင်ကြားသင်ယူမှုများနဲ့ ပညာရေးဝန်ဆောင်မှုများ ပိုမိုအားကောင်းလာစေဖို့အတွက်လည်း ICT နည်းပညာများကို ပိုင်နိုင်စွာ အသုံးချတတ်ဖို့ လိုအပ်ကြောင်း၊ ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး နည်းပညာဆိုင်ရာလေ့လာမှု တီထွင်ဖန်တီးမှုများနှင့် သုတေသနလုပ်ဆောင်မှုများဟာ ပြည်သူများရဲ့ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်မှုအတွက် လက်တွေ့ကျကျ အကျိုးပြုနိုင်မှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ယခုလိုပွဲမျိုး ကျင်းပပေးခြင်းဟာ ကျောင်းသား၊ ကျောင်းသူများရဲ့ စာတွေ့သင်ကြားမှုများအပေါ် မိမိပတ်ဝန်းကျင် မိမိဒေသရဲ့ လိုအပ်ချက်တွေကို မိမိတတ်စွမ်းတဲ့ ပညာရပ်နဲ့ပေါင်းစပ်ပြီး မြေပြင်မှာ လက်တွေ့အသုံးပြုနိုင်မယ့် Projects တွေကို ဖန်တီးပေးနိုင်တယ်ဆိုတာကို ပြသတဲ့ပွဲလည်းဖြစ်ကြောင်း၊ ဒီလိုနှစ်စဉ် ကျင်းပပေးခြင်းမှတစ်ဆင့် တက္ကသိုလ်မှပြီးမြောက်လို့ ဘွဲ့ရပြီးတဲ့အခါ လုပ်ငန်းခွင်မှာလည်း မိမိဒေသ၊ မိမိနိုင်ငံကို အကျိုးပြုမယ့် အမျိုးသားအကျိုးစီးပွားကို ဖြစ်ထွန်း စေမယ့်ကြီးမားတဲ့ Projects တွေမှာ ကိုယ်တိုင်ဦးဆောင် ပါဝင်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါ ကြောင်း ယနေ့ ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ “ICT Project Competition & Show, 2024” ပွဲဟာ နိုင်ငံတော်က ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေရှိတဲ့အထဲက သိသာမြင်သာတဲ့ ဆောင်ရွက်ချက် တစ်ခုသာမကပဲ ကျောင်းသား၊ ကျောင်းသူများရဲ့စာတွေ့(သင်ယူမှု)အပေါ် လက်တွေ့ ဆောင်ရွက်နိုင်မှုကိုပြသတဲ့ ပွဲဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနဲ့ နှစ်စဉ်ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားဆောင်ရွက်မှုတွေကို ထုတ်ဖော်ပြသ ကျင်းပပေးဖို့လဲ လိုအပ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မကွေး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းသန်းက ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များက ကွန်ပျူတာတက္ကသိုလ်(မကွေး) ပြိုင်ပွဲဝင် Project များကို  လှည့်လည်အားပေးကြည့်ရှုခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(မကွေး) The 5th ICT Project Competition & Show, 2024”  အခမ်းအနားတွင် အမှတ်ပေးစည်းမျဉ်းများ ဖတ်ကြားခြင်း၊ ပြိုင်ပွဲများကျင်းပကာ အကဲဖြတ် အမှတ်ပေးခြင်း၊ ပြိုင်ပွဲဝင်အသင်းများ ရရှိထားသော Voting များရေတွက်ခြင်း၊ ဂုဏ်ပြုကတ်များ ပေးအပ်ခြင်းနှင့် ဆုရရှိသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ