တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ပုသိမ် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် မိမိတို့ကိုပေးအပ်ထားသည့် တာဝန်များထမ်းဆောင်ရာတွင် ချမှတ်ထားသည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံကောင်းမွန်စေရေးအတွက် နိုင်ငံ့အရေးကိုဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာနေရာများအလိုက် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်းသရွေ့ ဖော်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဥပဒေ၏အခြေခံမှာ စည်းကမ်းပင်ဖြစ်ပြီး အခြေခံဥပဒေဆိုင်ရာ အသိ၊ အမြင်ရရှိစေရေး ပညာပေးမှုများနှင့်ထိန်းကျောင်းမှုများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဥပဒေကို လူတိုင်းသိရှိလိုက်နာရမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပေးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း အမှာစကားများ ပြောကြားပြီး သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ကို ယခုလ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ (၅) ရက်ကြာ သင်တန်းချိန် (၂၀) ချိန်ဖြင့် သင်တန်းသားဦးရေ (၁၀၀) ဦးအား နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သော ဥပဒေဘာသာရပ် (၁၇) ခု၊ စီးပွားရေး စာချုပ်စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉) ဦးက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တတိယနေ့ ပြိုင်ပွဲများ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တတိယနေ့ညနေပိုင်း ပြိုင်ပွဲများဖြစ်သည့် ဝါသနာရှင်ဒုတိယတန်း(အမျိုးသား/ အမျိုးသမီး)ဆိုင်းတစ်ဦးချင်း၊ အခြေခံပညာ (၁၅-၂၀ အမျိုးသား/အမျိုးသမီး) ဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ပထမတန်း(အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဝါသနာရှင်ဒုတိယတန်း (အမျိုးသား/ အမျိုးသမီး) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်တို့၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ကျင်းပသည့် ဝါသနာရှင်ပထမတန်း (ရုပ်စုံသဘင်) ပြိုင်ပွဲအား ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး (ရုပ်စုံသဘင်)အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)