မြိတ်မြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

မြိတ် စက်တင်ဘာ  ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဟိုတယ်ဝန်ထမ်းများ၏ ဝန်ဆောင်မှုဆိုင်ရာအရည်အသွေးများ  မြှင့်တင်ဆောင်ရွက်နိုင်စေရန်အတွက် ဖွင့်လှစ်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်းကို ယမန်နေ့နေ့လယ်ပိုင်းက Hotel Grand Jade ခန်းမ တွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

မြိတ်ခရိုင်အတွင်းရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန်အတွက် ဒေသအတွင်းရှိ ဟိုတယ်(၁၄)လုံးနှင့်တည်းခိုရိပ်သာ (၄)လုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအရည် အသွေးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြိတ်ခရိုင်ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက သင်တန်းဆင်း  အမှာစကား ပြောကြား၍ မြိတ်ခရိုင် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျောက်စိမ်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊   ထူးချွန်ဆုရ သင်တန်းသားများအား ဂုဏ်ပြုဆုများ၊ သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် ဟိုတယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်းလက်မှတ်များကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်း၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သင်တန်းတွင် သင်တန်းဘာသာရပ်(၃)မျိုးဖြစ်သည့် ဧည့်ကြိုဘာသာရပ်သင်ခန်းစာများ၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဘာသာရပ်သင်ခန်း စာများ၊ အဖျော်ယမကာဝန်ဆောင်မှု ဘာသာရပ် သင်ခန်းစာများကို ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်၍စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသား(၆၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)