အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

အိမ်မဲ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုး ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်စကားဝိုင်းကျင်းရာ ဦးဆောင် ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ Grade-10 မှ မောင်စွမ်းပြည့်အောင် က “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး”ခေါင်းစဥ်၊ Grade-12 မှ မသီရိဖုန်းမော် က “လူငယ်နှင့်ပျော်ရွှင်မှု” ခေါင်းစဥ်၊ Grade- 12 မှ မသဇင်သက်မော်ထွန်း က “လူငယ်နှင့်ကိုယ်ကျင့်တရား”ခေါင်းစဥ်၊ Grade -10 မှ မ ကြယ်စင်ချို က “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာလင်းလင်းခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ  လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ချစ်သက်လယ်(ပြန်/ဆက်)