မော်လမြိုင်ကျွန်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူပေါင်း၍ လူငယ်ရေးရာ အသိပညာဟောပြောပွဲအား ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ပစ္ဆိမာရုံ ဘုန်းတော်ကြီးပညာရေးကျောင်း၌ ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့်လူငယ်ရေးရာသိကောင်းစရာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ် (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်မိုးမိုးအေးမှ ကျန်းမာရေးပညာပေး သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံနယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အခမဲ့ဆေးကုသခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအတွက် အားကစား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)