ရေကြည် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရေကြည်မြို့နယ် ဦးစီးဌာနမှူးရုံးကြီးမှူး၍ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်သန်းခေါင် စာရင်းကောက်ယူရေးသိကောင်းစရာ အချက်အလက်များဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲကအသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရေကြည်မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ကျော်သီဟစိုးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်းစာရင်းကောက်ယူမည့်လုပ်ငန်းများ၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် မှန်ကန်စွာဖြေဆိုရမည့်အချက်များနှင့် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် နိုင်မည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများမှ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရသည်။
မြို့နယ် (ပြန်/ဆက်)