ကန့်ဘလူမြို့၌ အိုဇုန်းလွှာအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကန့်ဘလူ စက်တင်ဘာ ၆

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး အိုဇုန်းလွှာအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံ ပညာမူလတန်းကျောင်း၌ ကျင်းပသည်။

အသိပညာပေး ဟောပြောပွဲတွင် အ.မ.က(၄) ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်သော်က အိုဇုန်းလွှာသည် ကမ္ဘာ့လေထုအတွင်းရှိသော အလွှာတစ်လွှာဖြစ်ပြီး  နေမှလာသည့် ကမ္ဘာပေါ်ရှိ သက်ရှိတို့ကို ပျက်စီးစေနိုင်သော ခရမ်းလွန်ရောင်ခြည်များ စုပ်ယူပေးကြောင်း၊ ကမ္ဘာ့မြေပြင်အထက် စထရာတိုစပီးယားအလွှာမှာ တည်ရှိပြီး အောက်ဆီဂျင်အက်တမ် သုံးလုံးဖြင့်ဖွဲ့စည်းထားကြောင်း၊ ကမ္ဘာ့မြေမျက်နှာပြင်မှ ၁၉ မိုင်မှ ၂၅ မိုင်ခန့်အကွာတွင် တည်ရှိကြောင်း၊ အိုဇုန်းလွှာအထူမှာ (၃ မီလီမီတာရှိကာ ရာသီဥတုနှင့်ပထဝီအနေအထားပေါ်တွင် မူတည်ပြီး ပြောင်းလဲမှုရှိကြောင်း၊ အိုဇုန်းလွှာ သည် နေရောင်ခြည်နှင့်အတူပါလာသည့် ခရမ်းလွန်ရောင်ခြည် သုံးမျိုးအနက် လူနှင့်သက်ရှိတို့ကို အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် UV- B ကို ၉၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ UV-C ကို ၁၀၀ ရာခိုင်နှုန်းအထိလည်းကောင်း စုပ်ယူစစ်ထုတ်ပေးနေသည့် အငွေ့စစ် ကိရိယာတစ်ခုအနေဖြင့် အကျိုးပြုလျက်ရှိကြောင်း စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့သည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)