ကျိုက်လတ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ) ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်း လမ်းညွှန်စာအုပ်များအား တာဝန်ရှိသူများက ကြည့်ရှုခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်သန်းခေါင် စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ) ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ဝန်ထမ်းများ၊ မြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)