ထားဝယ် စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ဗဟိုစာရင်းအင်းဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးတွင်ရှိသော အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍရှိ ကလေးလုပ်သားအခြေအနေကို သိရှိစေရန်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်စေရေးအတွက် အခြေခံအချက်အလက်များ ကောက်ယူရန်၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာမူဝါဒများကို ရေးဆွဲရာတွင် လက်ရှိအခြေအနေများကို ဖော်ပြသောညွှန်းကိန်းများ၊ အဆိုပါညွှန်းကိန်းများအပေါ် လေ့လာဆန်းစစ်မှုများနှင့် အထောက်အကူဖြစ်စေမည့် အကြောင်းအရင်းများကို ရရှိနိုင်ရန်နှင့် ရရှိလာသော ကလေးအလုပ်သမားမျာ စာရင်းကို စောင့်ကြည့်လေ့လာရန် စသည့်ရည်ရွယ်ချက်ဖြင့် စစ်တမ်းကောက်ယူမှာဖြစ်ကြောင်း၊ စစ်တမ်းကို မြိတ်မြို့နယ်ရှိ အစားအစာထုတ်လုပ်ခြင်းလုပ်ငန်း (၂၄) ခုနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ လုပ်ငန်း (၅၅၇) ခု၊ စုစုပေါင်းနမူနာလုပ်ငန်း (၅၉၁) ခုကို ကွင်းဆင်းကောက်ယူမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ ဒေါ်တင်ချိုကြူကြူခိုင်က ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်