လက်ပံတန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အ.မ.က(ကညင်ဆိပ်)နှင့် မူလွန်(ဘီးလင်းတန်း) ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းမှ "ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများ၊ ရှောင်ရန်ဆောင်ရန်များနှင့် ကာလ၀မ်းရောဂါအကြောင်းရှောင်ရန်ဆောင်ရန်ဆိုင်ရာတို့ကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြားပြဇာတ်၊ ရုပ်ပုံပြဇာတ်များပြသခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)