ပေါက်ခေါင်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်အတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ဖူးစားပြောင်းနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၂၉၉၂ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ကျော်လွန် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် စားဖိုဆောင်သီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ၏ သီးသန့်ယာမြေများနှင့်ခြံမြေများတွင် ငရုပ် ၁၈၆ ဧက၊ ဖူးစားပြောင်း ၉၀၁ ဧကနှင့် ခရမ်းပင်၊ မုန်လာ၊ ပဲတိုင်ထောင်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၁၉၀၅ ဧက စုစုပေါင်း ၂၉၉၂ ဧက စိုက်ပျိုးထားနိုင်ခဲ့သည်။ စိုက်ပျိုးရေးနည်းပညာအားကောင်းလာသည်အတွက် အထွက်နှုန်းနှင့်သီးနှုန်းအားကောင်းသည့် သီးနှံမျိုးများကိုရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများအဓိက စိုက်ပျိုးရောင်းချသည့် ငရုပ်၊ ကြက်သွန်နှင့်ဟင်းသီးဟင်းရွက်များ၊ ပဲရှည်သီး၊ ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ခရမ်းချိုသီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ မုန်ညင်း၊ ကြက်ဟင်းခါးသီးတို့အပြင် ဖူးစားပြောင်းနှင့် ကွမ်းပင်များကိုလည်း မြေအောက်အဝီစိတွင်းရေနှင့် ချောင်းရေတို့အသုံးပြု၍ စိုက်ပျိုးကြသည်။
အဆိုပါ စားဖိုဆောင်သီးနှံစိုက်ပျိုးသည့် ဝောာင်သူများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းစနစ်များနှင့် ပိုးမွှားကျရောက်မှုကာကွယ်ရေးဆိုင်ရာနည်းပညာများအား အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)