မြောင်းမြ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ယမန်နေ့ မွန်းလွဲ (၃း၀၀) နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ယှဉ်ပြိုင်ကစားကြမည့် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီး၊ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့သည်။ ထို့နောက်မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအုန်းသိန်းက အမှာစကားပြောကြားရာတွင် ထူးချွန်သော ဘောလုံးအားကစားသမားများပေါ်ထွန်းလာရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျောင်းများတွင် ပညာသင်ကြားရေးသာမက ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် ရလာဒ်ကောင်းများ ရရှိနိုင်ရေးတို့အတွက် ကျင်းပရခြင်းဖြစ်ပြီး အားကစားသမားများအနေဖြင့် အနိုင်အရှုံးကို ပဓာန မထားဘဲ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်၍ သန့်ရှင်းစွာရရှိသော အောင်မြင်မှုမျိုးကို ရရှိအောင်ကြိုးစားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး၊ ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်မည့် အ.ထ.က(၂) ရေတွင်းရေကန်ကျောင်းနှင့် အ.ထ.က(စခန်းကြီး)ကျောင်းတို့မှ အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အားကစားသမားများအား လိုက်လှံနှုတ်ဆက်ကြသည်။
ယနေ့ဖွင့်ပွဲအခမ်းအနားကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကြည့်ရှုအား ပေးခဲ့ကြပြီး၊ ပြိုင်ပွဲတွင် အ.ထ.က စခန်းကြီးကျောင်းမှ (၃း၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါ ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြောင်းမြမြို့နယ်အတွင်းရှိ ကျောင်းများမှ အသင်း (၁၆) သင်းနှင့် အားကစားသမား (၂၈၈) ဦးတို့ဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)