ကျွန်းစုမြို့တွင် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များကို ယနေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ မြို့အဝင်ဆိပ်ကမ်း၌ ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေးဆိုင်ရာကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ဖြစ်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်သည်။

ဖြန့်ဝေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသန်းဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများက မြိတ်မြို့မှ ကျွန်းစုမြို့သို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာသောခရီးသွားများနှင့် ဒေသခံပြည်သူများအား သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)