ထားဝယ်မြို့ အခြေခံပညာကျောင်းများသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ထားဝယ် စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်၊ စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းများသို့ သုတ/ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ ငှားရမ်းဖတ်ရှု့လိုသည့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများကကူညီ ဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက်အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ/ရသစာအုပ်၊ စာစောင်များ (၄၀၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။