ဘားအံမြို့တွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်ဆောင်အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်း

ဘားအံ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့ကျက်သရေဆောင် ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်အဆောက်အဦအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်ဆောင်ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကော်မတီအသီးသီးကိုဖွဲ့စည်းပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အလှူရှင်များအနေဖြင့် သာသနာတော်ကိုထောက်ပံ့ခြင်း ရည်မှန်းချက်ထားပြီး ကျောင်းဒကာ၊ ကျောင်းအမ၊ ဗိမာန်ဒကာ၊ ဗိမာန်ဒါယိကာမများအဖြစ်ခံယူကြရန် တိုက်တွန်းလိုကြောင်း၊ အောင်မြင်ပြီးစီးချိန် အတူတကွ ရေစက်ချမင်္ဂလာအခမ်းအနားကြီးတွင် ဗုဒ္ဓဘာသာဝင်တို့၏ရည်မှန်းရာ နိဗ္ဗာန်ချမ်းသာမြတ်ကို ကိုယ်စီကိုယ်စီရရှိကြပါစေကြောင်းနှင့် ပြီးပြည့်စုံအောင် ပူးပေါင်းပါဝင်လှူဒါန်းပေးကြစေလိုကြောင်း ပြောကြားသည်။

ပြည်နယ်အတွင်း ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပွဲတော်များ၊ သံဃအစည်းအဝေးများစသည့် သာသနာရေးဆိုင်ရာကိစ္စရပ်များ ကျင်းပဆောင်ရွက်ရာတွင် ပြည့်စုံလုံလောက်သည့် အဆောက်အဦ လိုအပ်လျက်ရှိပြီး ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဆုံးမလမ်းညွှန်မှုဖြင့် သာသနာ့ဝေစည်အမည်ရှိ (၄) ထပ်ဓမ္မဗိမာန်တော်ကြီးကို ၂၀၂၁ ခုနှစ် မေလ (၂) ရက်နေ့တွင် အလှူရှင်များ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းအားဖြင့် (၃၅) ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီး ၂၀၂၅ ခုနှစ် ဧပြီလဆန်းတွင်ကျင်းပမည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ယခုတည်ဆောက်နေသည့် ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသွားနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၇၄၇၁၅၃၅၀ဝိ/- ကျပ် ရရှိလှူဒါန်းနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာမိသားစုများ၊ ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဗုဒ္ဓဘာသာနွယ်ဝင်စေတနာရှင်အလှူရှင်များက စုစုပေါင်းငွေကျပ် ၆၅၉၈၈၈၂၀ဝိ/- ကို သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး (၄) ထပ်ဆောင်ဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်သည်။

ယခုတည်ဆောက်နေသည့် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီးသည် မော်တော်ယာဉ်ရပ်နားရာ ၂ ထပ်ကားပါကင်၊  သာသနာ့ဗိမာန်တော်ကြီး (၄) ထပ် ပင်မအဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ ပါဝင်ပြီး ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင်များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် မြို့တစ်မြို့ကို ကိုယ်စားမပြုဘဲ ပြည်နယ်ကိုယ်စားပြုသည့် ကျက်သရေဆောင် ဂုဏ်ယူစရာပြယုဂ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)