ဘားအံ စက်တင်ဘာ ၆
ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်မှုအားနည်းသည့်အတွက် တည်ငြိမ်အေးချမ်းရာမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့်ဘာသာရေး အဆောက်အဦများတွင် ယာယီပြောင်းရွှေ့နေထိုင်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက အဆိုပါယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား Asean Plus Three Emergency Rice Reserve(APTERR) အစီအစဉ်ဖြင့်လှူဒါန်းသော ဆန်ရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ မိုးလုံလေလုံအားကစား ခန်းမ၌ ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများနှင့်တွေ့ဆုံ၍ ယာယီနေထိုင်သည့်ကာလအတွင်း တစ်ဦးနှင့်တစ်ဦးခိုက် ရန်ဖြစ်ပွားခြင်းမရှိဘဲ စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ မိုးရာသီ ကာလဖြစ်၍ ရာသီတုပ်ကွေးရောဂါနှင့်ဝမ်းပျက်ဝမ်း လျှောရောဂါစသည့်ရောဂါများမဖြစ်ပွားစေရေး ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ကြရန်နှင့် တာဝန်ရှိသူများ၏ ပြောဆိုဆုံးမမှုကိုနာခံနေထိုင်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု (၃၆၈)စု၊ လူဦးရေ ၁၅၁၉ ဦးအတွက် APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ဆန် ၂၆၅ ဒဿမ ၈၃ ကီလိုဂရမ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီပြောင်းရွှေ့နေထိုင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဓမ္မာရုံ၌ ယာယီပြောင်းရွှေ့နေထိုင်သူများနှင့်တွေ့ဆုံ ၍ အားပေးစကားများပြောကြားပြီး အိမ်ထောင်စု ၁၀၈၃ စု၊ လူဦးရေ ၄၂၈၆ ဦးအတွက် APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ဆန် ၇၅၀ ဒဿမ ၀၅ ကီလိုဂရမ်အား ထောက်ပံ့ပေးအပ်ကာ ယာယီပြောင်းရွှေ့နေထိုင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမိုင်းဝင်ကြောင့်ကမ်လာဘ်စေတီတော်ဓမ္မာရုံ၌ ယာယီပြောင်းရွှေ့နေထိုင်သူများနှင့်တွေ့ဆုံအားပေးစကားပြောကြားပြီး အိမ်ထောင်စု ၂၁၃ စု၊ လူဦးရေ ၈၁၂ ဦးအတွက် APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ဆန် ၁၄၂ ကီလိုဂရမ်းအား ထောက်ပံ့ပေးအပ်ကာ ယာယီပြောင်းရွှေ့နေထိုင်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရရန်ပုံ ၁၃၂ ဒဿမ ၉၇၅ သန်းဖြင့် မြသမီးတော်ကုမ္ပဏီမှဆောင်ရွက်သော ဘားအံမြို့နယ်ကြောင့် ကမ်လာဘ် ဘုရားကန်ပတ်လမ်းအား ၁၂ ပေအကျယ်၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်ခြင်း ၆ ဖာလုံအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)