မကွေး စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီဖျော်ဖြေခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွားနှင့် အမျိုးသမီးအကအလှအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဖျော်ဖြေတင်ဆက်မှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ၂ဝ၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပညာရေးဒီဂရီကောလိပ်မှ ဦးမိုးခိုင်စိုးနှင့် အဖွဲ့က “ငွေရတုတိုင်ပေ ရိုးရာအမွေ" သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာ ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များသည် တိုင်းဒေသကြီးအဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ခရိုင်/မြို့နယ်များတွင် အဆင့်ဆင့် ယှဉ်ပြိုင်ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးဆိုသည့် အနုပညာသည့် သိမ်မွေ့နက်နဲသည့် အဓိပ္ပာယ်ဆောင်သကဲ့သို့ လူတို့၏ စိတ်စေတနာအား လှုံ့ဆော်နှိုးဆွရာတွင် အစွမ်းထက်လှပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင် သီဆိုတီးမှုတ်၊ ကခုန်ခြင်းအနုပညာသည် ရှေးနှစ်ပေါင်း (၁၅၀၀) ကျော်ခန့်ကပင် ထွန်းကားခဲ့ပြီး ပျုခေတ်နောက်ပိုင်း ပုဂံခေတ် နံရံဆေးရေးပန်းချီများ၊ စဉ့်ကွင်းရုပ်စုံများ၊ ကျောက်စာများတွင် အထောက်အထားများဖြင့် တွေ့ရှိရသကဲ့သို့ မြန်မာ့သမိုင်း ခေတ်အဆက်ဆက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့မှုကြောင့် ယခု ပစ္စုပ္ပန်ကာလအထိ တည်မြဲခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ဟန်ဖြင့် အဆို၊ အက၊ ဂီတပညာများ ပိုင်ဆိုင်ထားကြပြီး ယင်းပညာရပ်များကို ပညာရှင်များ၊ ဝါသနာရှင်များက ထိန်းသိမ်းကြသကဲ့သို့ အများပြည်သူတို့ကလည်း လူမျိုး၏ ဝိသေသလက္ခဏာရပ်များအဖြစ် အလေးအနက် တန်ဖိုးထားကြပါကြောင်း၊ ယခုကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပခြင်းဖြင့် မိမိတို့ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်သကဲ့သို့ မျိုးဆက်သစ်လူငယ်များကိုလည်း လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ယခုနှစ် (၂၅)ကြိမ်မြောက် ပြိုင်ပွဲဝင်မည့် ခရိုင် (၆)ခရိုင်မှ အဆိုဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင် (၈၂)ဦး၊ အကဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင် (၃၉)ဦး၊ အရေးဘာသာရပ်ဆိုင်ရာပြိုင်ပွဲဝင် (၈)ဦး၊ အတီးဘာသာရပ်ဆိုင်ရာ ပြိုင်ပွဲဝင် (၃၀)ဦး၊ စုစုပေါင်း (၁၅၉)ဦး အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်သည်ဟုသိရှိရပြီး မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းကော်မတီများအနေဖြင့် မိမိတို့ရရှိထားသည့် အတွေ့အကြုံများကို အခြေခံပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်သင့်သူများအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်စေရေးနှင့် ထူးချွန်ထက်မြက်သည့် အနုပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မကွေးမြို့နယ်ဂီတအစည်းအရုံးမှ အဖွဲ့လိုက် သီဆိုဖျော်ဖြေခြင်း၊ အခြေခံပညာကျောင်းမှ “ကျေးလက်ဂုဏ်ရည်” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း အစီအစဉ်များဆောင်ရွက်ကာ ဖွင့်ပွဲအခမ်းအနားတွင် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင် အဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို (၅.၉.၂၀၂၄)ရက်နေ့မှ (၉.၉.၂၀၂၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မဟာဂီတ အခြေခံပညာ/အဆင့်မြင့်ပညာနှင့် ဝါသနာရှင် အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း-ကာလပေါ် အခြေခံပညာ/အဆင့်မြင့်ပညာနှင့် ဝါသနာရှင် အဆိုပြိုင်ပွဲ၊ အမျိုးဂုဏ်/ ဇာတိဂုဏ် အဆင့်မြင့်ပညာ/ဝါသနာရှင် အဆိုပြိုင်ပွဲများ၊ အသက် (၁၀)နှစ်မှ (၁၅) နှစ်အထိ အခြေခံပညာအကပြိုင်ပွဲ၊ အဆင့်မြင့်ပညာအကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အရေးပြိုင်ပွဲတွင် အဆင့်မြင့် ပညာ/အခြေခံပညာနှင့် ဝါသနာရှင်ပြိုင်ပွဲများ၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ တယောအတီးပြိုင်ပွဲ၊ မယ်ဒလင်ဝါသနာရှင်ပြိုင်ပွဲ၊ နှဲဝါသနာရှင်ပြိုင်ပွဲ၊ အခြေခံပညာပတ္တလားအတီးပြိုင်ပွဲ၊ အခြေခံပညာ/ဝါသနာရှင် စန္ဒယားအတီးပြိုင်ပွဲ၊ အခြေခံပညာဆိုင်းတစ်ဦးချင်း ပြိုင်ပွဲ/ အဖွဲ့လိုက်ပြိုင်ပွဲ၊ ကွက်စိပ်ဝါသနာရှင်ပြိုင်ပွဲ၊ အိုးစည်အခြေခံပညာ/ဝါသနာရှင် အတီးပြိုင်ပွဲ၊ ဒိုးပတ် အခြေခံပညာ/ ဝါသနာရှင်အတီးပြိုင်ပွဲတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ