ချောက်မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ ရောင်းချပေးနေမှုအခြေအနေများနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ချောက် စက်တင်ဘာ ၆

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဆန်၊ ဆီ အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေးအတွက်လည်းကောင်း၊ စျေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက် စျေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ သိရှိနိုင်ရေးအတွက်လည်းကောင်း ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဆေးနှင့် ဆေးပစ္စည်းဆိုင်များ၊ ဆန်၊ ဆီရောင်းချပေးနေမှုအခြေအနေများအား ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ၊ ဒေါ်မြတ်မြတ်မိုးသည် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်း စျေးနှုန်းများ ဒေသအတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိ၊ ဝယ်ယူသုံးစွဲသူများ၏ အမှန်တကယ်ဝယ်ယူသုံးစွဲသည့်အခြေအနေများကို စစ်​ဆေးခဲ့​ပြီး မြို့နယ်ဆန်ကုန်သည်များအသင်းက ပြည်သူများအား သင့်တင့်မျှတသောစျေးနှုန်းဖြင့် ဧည့်မထဆန် (၁) ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်တစ်စုလျှင် ဆန်တစ်ပြည်နှုန်း​ရောင်းချပေးနေမှုအခြေအနေများနှင့် စားသုံးဆီရောင်းချသော စျေးဆိုင်များတွင် သတ်မှတ်ထားသော စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးဆီ​ရောက်ရှိ ​ဖြန့်​ဝေ​ပေးနေမှုများအား အနီးကပ် ​ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆန်ကုန်သည်များအသင်းက မြို့ပေါ်ရပ်ကွက်များသို့ ကားဖြင့်လှည့်လည်​၍ အိမ်ထောင်တစ်စုလျှင် ဆန်တစ်ပြည်နှုန်း​ဖြင့် တစ်လလျှင် ၂၄ ပြည်ပါ ဆန်အိတ် ၂၀၀ လုံးအား ယနေ့ စက်တင်ဘာလ (၅)ရက်​နေ့မှ စက်တင်ဘာလ (၃၀)ရက်​နေ့အထိ အပတ်စဥ် တစ်ပတ်လျှင် (၂)ရက် ​​ရောင်းချပေးသွားမည်ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက် ဂတ်ကုန်းရပ်နှင့် အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)