ကျိုက်လတ် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစား ကွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေ(၂)အသင်းနှင့်နယ်မြေ(၄)အသင်းတို့က နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပူးတွဲပထမဆုအဖြစ် နယ်မြေ(၂)အသင်းနှင့် နယ်မြေ(၄)အသင်းတို့က ရရှိခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနား ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ပူးတွဲ ပထမဆုရရှိသွားသည့် နယ်မြေ(၂)အသင်းနှင့် အတွင်းရေးမှူး ရဲမှူးကျော်စိုးတို့က နယ်မြေ(၄) အသင်းအား လည်းကောင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်က တတိယဆုရရှိသွားသည့် နယ်မြေ(၆) အသင်းအားလည်းကောင်း၊ အဖွဲ့ဝင်(၃)ဦးမောင်းမာန်က နှစ်သိမ့်ဆုရရှိသွားသည့် နယ်မြေ(၁)အသင်းနှင့်တာဝန်ရှိသူများက အခြားထူးချွန်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် အသက်(၁၈)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲကို နယ်မြေအသင်း(၈)သင်းဖြင့် ဩဂုတ်လ(၂၇)ရက်နေ့မှ စက်တင်ဘာလ (၃)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
လှိုင်မင်းအောင်