ဝေါမြို့နယ်အ-ထ-ကထိန်တပင်‌ကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ဝေါ စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ထိန်တပင်)၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ထိန်တပင်)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ကြင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က Moderator အဖြစ်ဆောင်ရွက်ပေးပြီး  အခြေခံပညာအထက်တန်းကျောင်း(ထိန်တပင်)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-7 မှ မောင်မင်းခန့်က ကျောင်းသားနှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8  မှ မအိသဇင်က ပန်းတိုင်တစ်ခုရှိပါစေခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 မှ မဆုပြည့်ရတီစိုးက  အရမ်းမငြင်းပါနဲ့ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-7 မှ မသင်းသင်းယုက လူသားနှင့်တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မခြူးချယ်ရီက အချိန်စီမံခန့်ခွဲမှုပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မချောစုဝေက မျက်နှာဖုံးကိုခွာချခေါင်းစဉ်ဖြင့် အသီးသီးဦးဆောင်ဆွေးနွေးပေးသည်။

ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)