တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက စာပေယဉ်ကျေးမှု အမွေထိန်းသိမ်းစို့လေ”သီချင်းနှင့် မြန်မာပြည်မှာစာပဒေသာဝေဆာစေမည်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများမှန်ကန်သည့် အသိဉာဏ် ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် ၏ အနာဂတ်ကိုအသိပညာပြည့်ဝသည့်လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ဘဝသည် အလွန်အရေးကြီးပြီးပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လူငယ်များ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့်လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်း အသီးသီးက ပါဆောင်ရွက်ကြရမည့်လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်း တာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ် ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန်စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ဒါကြောင့်တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန်လိုအပ် ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လူငယ်စာပေဆွေးနွေးပေးပါသော ကျောင်းသား၊ ကျောင်းသူ(၄)ဦးအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး စကားရည်လုပြိုင်ပွဲတွင်အနိုင်ရအဖွဲ့များအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်က အထက်တန်းအဆင့်ကျပန်း စကားပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက စာစီစာကုံး (အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က   အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အလယ်တန်း အဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်က အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

၄င်းနောက် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းနှင့် တာဝန်ရှိသူများတို့က ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များအားလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်များက ကျောင်းစာကြည့်တိုက်အတွက် အလှူငွေကျပ်သုံးသိန်းအားလည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထိုက်ထိုက်စံက လက်ခံရယူသည်။

ထို့နောက်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များ ဖြင့်ပြန်လည်၍သရုပ်ပြပြီး ကျောင်းသား၊ ကျောင်းသူလေးများကခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့သီချင်းဖြင့်သီဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၂၅)သိန်း၊ အလှူရှင်များနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းသား၊ ကျောင်းသူများကို အာဟာရကျွေးမွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်၊ သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက် video clip ပြသမှုနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုမှတ်တမ်းဗီဒီယိုအားပြသရာတွင်  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)