ကန့်ဘလူ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မျောက်ကျောက်ရောဂါ (Monkey pox)အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ထာဝရခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်တို့က မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေ ရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ်လက္ခဏာများ၊ မျောက် ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ လက်ရှိမျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည့် နိုင်ငံများအကြောင်း၊ သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါ လက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်၍ စစ်ဆေးကုသမှု ခံယူကြရန်နှင့် ကန့်ဘလူမြို့နယ်တွင် မျောက်ကျောက်ရောဂါနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြ ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့်ဝန်ထမ်းများ၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမိုးကျော်အောင်၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)