ပခုက္ကူ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၅) သီလရှင် သင်ပညာရေး အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်အောင်မြင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က “အနာဂတ်ဘဝလှပဖို့ စာအုပ်စာပေဖတ်ကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာချောင်းဆုံမျိုးချစ်က “သက်ကြီးစကားသက်ငယ်ကြား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာအောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား) က “မိမိ၏အနာဂတ်သည် မိမိလက်ဝယ်၌ သာရှိသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဇေယျာပိုင်ရွှေက “ဆရာနှင့်တပည့်ကြားထားရှိရမည့်ကျင့်ဝတ်များ” ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးရှင်းလင်းဟောပြောကြသည်။
ထို့နောက် ပခုက္ကူမြို့၊ အမှတ် (၅) သီလရှင်သင်ပညာရေး အလယ်တန်းကျောင်းရှိ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်များ လှူဒါန်းခြင်း၊ မြန်မာ့ရိုးရာစကားပုံနှင့် မြန်မာ့ရိုးရာ စကားထာစွမ်းရည်ပြိုင်ပွဲများကျင်းပခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)