ကလိန်အောင်မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ကလိန်အောင် စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးခြင်းလုပ်ငန်းများကို ကျန်းမာရေးဆရာမ ဒေါ်ခင်သူဇာငြိမ်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂) နှစ်‌အောက် ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်ရောဂါစသည့် (ငါးမျိုးစပ်ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ် ဆေးများကို အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)