ချောက်မြို့၊ အ.ထ.က(၃)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချောက် စက်တင်ဘာ  ၅

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများတိုးပွား​စေရန်၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝလာစေ​ရန်၊ ဥပဒေဆိုင်ရာအခြေခံအသိအမြင်၊ ဗဟုသုတများတိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာအချက်အလက်များကို ကျောင်းသားလူငယ်များ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အ.ထ.က(၃)ကျောင်းရှိ စိုးမေတ္တာခန်းမတွင် ဌာနဆိုင်ရာများပူး​​ပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။      

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားအုန်းဆီ၏ဘေးထွက်ဆိုးကျိုးများ၊ ကုန်အညွှန်းအမှတ်အသား၏ သတ်မှတ်ထားသောအချက်များကိုလည်းကောင်း၊ မြို့နယ်ဥပေဒအရာရှိ ဒေါဖြိုးသဥ္ဇာမင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိဦးအာကာကျော်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အောင်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအ​​ကြောင်းသိကောင်းစရာများကိုလည်း​ကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့​ကြပြီး တက်ရောက်လာသည့် ဆရာ၊ဆရာမ၊ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့သည်။      

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူးဦးထွန်းဆင့်ဝင်း၊ အ.ထ.က(၃)ကျောင်း ကျောင်းအုပ်ဆရာကြီးဦးသက်ထွန်းနှင့် ဆရာ၊ဆရာမများ ကျောင်းသား/ကျောင်းသူ ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)