မြောင်းမြမြို့တွင် အခြေခံကျောင်းများ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

မြောင်းမြ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စက်တင်ဘာ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာတတ်မြောက်ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးက နိုင်ငံတကာစာတတ်မြောက်ရေးဖြစ်ပေါ်လာပုံ၊ နိုင်ငံတကာ စာတတ်မြောက်ရေးလှုပ်ရှားမှု အကျိုးကျေးဇူးများကြောင့် နိုင်ငံဖွံဖြိုးရေးအတွက်များစွာ အထောက်အကူဖြစ်ကြောင်း၊ ကျန်းမာရေးအသိပညာများရှိလာစေမည့် စာဖတ်ခြင်း၊ ဗဟုသုတရှာမှီးခြင်းတို့ကို အစဉ်အမြဲလေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ ဥာဏ်ရည်မြှင့် ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)