သရက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သရက်ခရိုင်ရုံးမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ (Bakery & Snack) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရွှေမုဌောဓမ္မရုံအတွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုးလှမြင့်က သင်တန်းဆင်းအမှာစကားပြောကြားရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်ဆိုသော ဌာနရဲ့မျှော်မှန်းချက်နှင်အညီ အသက်မွေးဝမ်းကျောင်းနည်းပညာများသင်ကြားပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ မြန်မာ့ရိုးရာလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဆောင်ရွက်ပေးခြင်း စားသောက်ကုန်/လူသုံးကုန်များ အရည်အသွေးမှန်ကန်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန် ဓါတ်ခွဲစမ်းသပ်ပေးခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ (Bakery & Snack) သင်တန်းကို အခြေခံ(၁)ကြိမ်၊ မွမ်းမံ(၁)ကြိမ်ဖွင့်လှစ်၍ နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးသင်တန်းသား(၁၅)ဦးအနက် အမှန်တကယ်လုပ်ငန်းထူထောင်ရန် ဆန္ဒရှိသော ထူးချွန်သင်တန်းသား(၅)ဦးကို စံသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့အား လိုအပ်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားပြီး သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလင်းထက်အောင်က သင်တန်းလုပ်ငန်းထူထောင်မှုနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြား သည်။
ထို့နောက် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)က သင်တန်းတွင် ထူးချွန်သူ သင်တန်းသား/ သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပြီး သရက်ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)