ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ဘားအံ စက်တင်ဘာ ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူနန်းဦးဘေးမဲ့တောရကျောင်း ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကအား သွားရောက်ဖူးမြော်ကြည်ညို၍ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများ၊ မြိုင်ကြီးငူဒေသရှိ ပြည်တော်ဝင်မိသားစုများအား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်း သော ငွေကျပ်သိန်း(၃၀)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ်လမ်းဦးစီးဌာနမှ ထီးဖိုးကလုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ်သိန်း(၃၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ ကျောက်စာကွင်း၌ ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ်ကာလ အတွင်း စည်းစည်းလုံးလုံးနေထိုင်ကြစေလိုပြီး ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဂရုပြုကြရန်၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံ၍ ပညာရေးနှောင့်နှေးမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရန်၊ စည်းကမ်းနှင့်အညီ နေထိုင်ပြီး တာဝန်ရှိသူများ၏ပြောဆိုဆုံးမမှုများကိုနာခံ၍ ဆရာတော်ကြီးများနှင့်ဂေါပကအဖွဲ့များ၏ ဆုံးမဩဝါဒနှင့်အညီ နေထိုင်ကြရန် အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြိုင်ကြီးငူအထူးဒေသရှိ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၁၀၅၆ စု လူဦးရေ ၅၅၂၆ ဦးအတွက် APTERR အစီအစဉ်ဖြင့်လှူဒါန်းသော ၄၀ ကီလိုဂရမ် ဆန်အိတ် ၉၆၇ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ယာယီပြောင်းရွှေ့နေထိုင်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ရွှေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက်၌ ယာယီပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စုများအား APTERR အစီအစဉ်ဖြင့် လှူဒါန်းသောဆန်ရိက္ခာများ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီပြောင်းရွှေ့ နေထိုင်စဉ်ကာလအတွင်း တစ်ဦးနှင့်တစ်ဦးချစ်ချစ်ခင်ခင် ဖြင့် စည်းလုံးညီညွှတ်စွာနေထိုင်ကြစေလိုပြီး လက်ရှိဖြစ်ပေါ်နေသည့် ပဠိပက္ခများကို နည်းလမ်း အမျိုးမျိုးဖြင့် ချုပ်ငြိမ်းသွားစေရန် တာဝန်ရှိသူများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ မိမိတို့၏ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပြီး လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးထားကာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်၊ အလှူရှင်များကလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အားပေးစကားများ ပြောကြား သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စု ၁၆၇၈ စု၊ လူဦးရေ ၆၅၄၃ ဦးအတွက် APTERR အစီအစဉ်ဖြင့် လှူဒါန်းသော ၄၀ ကီလိုဂရမ်ဆန်အိတ် ၁၁၄၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကမမောင်းမြို့ရှိ ယာယီပြောင်းရွှေ့ နေထိုင်သူအိမ်ထောင်စုများမှ ကျောင်းသား၊ ကျောင်းသူများအား နယ်စပ်ရေးရာဝန်ကြီးဌာနက ထောက်ပံ့လှူဒါန်းသော ကျောင်းဝတ်စုံ ၂၄၃ စုံနှင့် ကျောင်းသုံးဗလာစာအုပ် ၂၄၃ အုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ယာယီပြောင်းရွှေ့နေထိုင်သူအိမ်ထောင်စုများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)