ဘိုကလေး စက်တင်ဘာ ၅
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မ ဒီပလိုမာစာမေးပွဲများအား (၆)လလျှင် (၁)ကြိမ်နှုန်းဖြင့် နှစ်စဉ်စာမေးပွဲ(၂)ကြိမ် နယ်စာစစ် ဌာနများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဒီဇင်ဘာလတွင်လည်း စာမေးပွဲ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲဖြေဆိုကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရဟန်း၊ ရှင်၊ လူများအနေဖြင့် စာမေးပွဲအား လွယ်ကူစွာ ဖြေဆို အောင်မြင်နိုင်ရေး Level(2) သင်တန်းအား ဘိုကလေးမြို့လယ်ကျက်သရေဆောင်၊ မြို့မ ဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် စက်တင်ဘာ(၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ Level(2)သင်တန်းအား ဘိုကလေးမြို့နယ်မှ ဆရာမဒေါ်နန္ဒာလုလုမှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ(၃)ရက်နေ့မှ စက်တင်ဘာ(၇)ရက်ထိ ပို့ချသွားမည် ဖြစ်ကြောင်း၊ စက်တင်ဘာ(၉)ရက်နေ့မှ စက်တင်ဘာ(၁၃)ရက်ထိ Level(1)သင်တန်း၊ စက်တင်ဘာ(၁၄)ရက်နေ့မှ စက်တင်ဘာ(၂၇)ရက်ထိ Level(3)သင်တန်းတို့အား နေ့စဉ် ညနေ(၃)နာရီမှ (၅)နာရီ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပို့ချသင်ကြားနေသော Level(2)သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ပြဋ္ဌာန်းထားသော “ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်၊ စိတ်၏အတွေးများ၊ ဥပုသ်စောင့်ခြင်း၏ အဓိပ္ပာယ်၊ ခန္ဓသုတ်အနှစ်ချုပ်၊ လူတိုင်းကျင့်ရန် သတိပဌာန်” စသော အခန်း(၅)ခန်းကို သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ Level(2)စာမေးပွဲ ဖြေဆိုကြမည့် သင်တန်းသား/သူ (၄၈)ဦး တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)