ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဆက်လက်ရောင်းချ

ကျွန်းလှ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ်မိုးစပါးစိုက်ပျိုးတဲ့တောင်သူတွေ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရောင်းချပေးပါတယ်။ မိုးစပါးမျိုးစေ့ထုတ်၊ ပန်းတိုင်အတွက်ရရှိရေးနဲ့ စမ်းသပ်ကွက်စိုက်ပျိုးတဲ့ တောင်သူတွေကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီက ဦးဆောင်ပြီး သီးသန့်ရောင်းချပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးစပါး ၃၄၀၉၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ တောင်သူများအား မျိုးကောင်း မျိုးသန့်ရွေးချယ် စိုက်ပျိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို