ဒေးဒရဲမြို့နယ် တော်ချိုက်ကျေးရွာတွင် Solar mini-Grid ဖြင့် ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်း စတင်ဖြန့်ဖြူးပေးနေမှုအား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာအုပ်စု၊ တော်ချိုက်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် မတည်ငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းစတင်လည်ပတ်နေမှုနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအား ယမန်နေ့နံနက်(၁၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်ကျဥ်းမြောင်းစေရေး၊ ကျေးလက်နေ ပြည်သူများ၏လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်စေရေး စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍသည် ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် အထူးအလေးပေးဆောင်ရွက်လျက်ရှိရာ တော်ချိုက်ကျေးရွာတွင် (၁၅၈.၄)ကီလိုဝပ်ဆိုလာအသေးစားစနစ်ဖြင့် ကျေးရွာနေပြည်သူများ (၂၄)နာရီ မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာမီးလင်းရေးလုပ်ငန်းများ သားစဥ် မြေးဆက်အသုံးချနိုင်ရေး ကျေးရွာနေပြည်သူများ သက်ဆိုင်ရာကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် တော်ချိုက်ကျေးရွာရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစား ဓာတ်အားပေးစနစ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ကစတင်၍  (ZLT Super Electrical ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ရာ  (၂၀၂)ခုနှစ် သြဂုတ်လအတွင်း စီမံကိန်း လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ရာတော်ချိုက်ကျေးရွာရှိ အိမ်ထောင်စု (၃၈၈)စု၊ လူဦးရေ (၁၄၆၇)ဦး၊ စက်မှုလုပ်ငန်း(၁၂)ခု၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာန များတွင် လျှပ်စစ်မီးများ စဥ်ဆက်မပြတ် ရရှိပြီဖြစ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း