သံတောင်ကြီး စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သံတောင်ကြီးမြို့နယ်ရှိ ဆရာ၊ ဆရာမများနှင့် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား Mpox (မျောက်ကျောက်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က ကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ဒေါက်တာဇေယျာဦးက Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ လတ်တလောအခြေအနေတွင် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC)နှင့်အာဖရိကတိုက်ရှိ နိုင်ငံများ၌ အစုလိုက် ကူးစက်ဖြစ်ပွားလျက်ရှိကြောင်း၊ Mpox (မျောက်ကျောက်)ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ရန်နှင့် Mpox (မျောက်ကျောက်)ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေး ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် သံတောင်ကြီးမြို့နယ်ရှိ ကျောင်းဆရာ၊ ဆရာမများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်နော်မူ