ရှမ်းရွာသစ်မြို့တွင် မွေးမြူရေးလုပ်ငန်းသုံး ဝါးအုပ်ဆောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ် စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်နေ ပြည်သူအများစုသည် လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိရန်အတွက် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြု၍ရသော ဝါးအုပ်ဆောင်းများ တစ်ပိုင်တစ်နိုင် ရက်လုပ် ရောင်းချလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝါးအုပ်ဆောင်းများရက်လုပ်ရာတွင် ရှေးဦးစွာ ဝါးကိုခွဲခြမ်းစိတ်ဖြာပြီး သေချာစွာ စနစ်တကျ လိုသလောက် ပုံစံအတိုင်း ရက်လုပ်ရကြောင်း၊ အုပ်ဆောင်းတစ်ခုကို နှစ်ရက်ခန့်အချိန်ယူ၍ ရက်လုပ်ရကြောင်း၊ ယခင်က မွေးမြူရေးအုပ်ဆောင်းများကို လှိုင်းဘွဲမြို့မှတစ်ဆင့် ဝယ်ယူရသောကြောင့် ကုန်ကျစရိတ် ပိုပေးရသဖြင့် အခက်အခဲရှိကြောင်း၊ ယခုဆိုလျှင် မိမိတို့ ဒေသအတွင်း တစ်ပိုင်တစ်နိုင်ရက်လုပ်ရောင်းချလာသဖြင့် ကုန်ကျစရိတ် နည်းပါးသည့်အပြင် လိုအပ်သည့်အချိန်တွင် အချိန်မရွေး ဝယ်ယူနိုင်သဖြင့် အဆင်ပြေကြောင်း၊ ဝါးအုပ်ဆောင်းတစ်ခုလျှင် အရွယ်အစားပေါ်မူတည်၍ ငွေကျပ်(၇၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်ထိရသဖြင့် မိသားစုအပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အမှတ်(၂)ရပ်ကွက်ရှိ ဝါးအုပ်ဆောင်းလုပ်ငန်း ရက်လုပ်သည့် ဒေသနေ ပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)