ပေါင်းတည် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအကြောင်း ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်-ပြည်လမ်းရှိ အ-ထ-က(ပေါင်းတည်)ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းဆင့် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းက ကြက်ခြေနီသမိုင်းကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်းကို အသိပညာပေးဟောပြောကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်သရုပ်ပြအဖွဲ့မှ သုံးထောင့်ပတ်တီး၊ ရိုးရိုးပတ်တီးများကို ဒဏ်ရာအလိုက်ပတ်တီးစည်းခြင်းနှင့် အခြေခံအသက်ကယ်အထောက်အကူပြုနည်းများကို သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၀င်ဖြည့်ဆည်းရေးနှင့် ကျောင်းကြက်ခြေနီအသင်းတို့အတွက် မကြာမီဖွင့်လှစ်မည့် အခြေခံရှေးဦးပြုစုခြင်းသင်တန်းတွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများက စာရင်းများပေးသွင်းခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)