သာယာဝတီ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ-ထားဝယ်)၏ (၃၁)ကြိမ်မြောက် ကျောင်းဆင်းနှုတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်တင်မိုးထွဋ်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ကျောင်းသီချင်း သီဆို၍စတင်ဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သာယာဝတီစိုက်ပျိုးရေးသိပ္ပံရဲ့ မောင်တို့မယ်တို့ဟာ မကြာခင်မှာ ကျောင်းပညာသင်ကြားမှုပြီးမြောက်၍ လုပ်ငန်းခွင်ထဲကိုဝင်ရောက်ကြရတော့မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးအသက်မွေးဝမ်းကျောင်း ပညာကိုဦးစားပေးအလေးထားတာ မောင်တို့မယ်တို့အားလုံးအသိပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးစာနပ်ရိက္ခာဖူလုံစေရန်၊ ဆင်းရဲမှုများပပျောက်စေရန်၊ အထူးသဖြင့်တောင်သူများ၏ဝင်ငွေတိုးတက်စေရန် ခေတ်မီနည်းပညာများကို စိုက်ပျိုးရေးတက္ကသိုလ်ဆင်း စိုက်ပျိုးရေးပညာရှင်များ၏ စိုက်သိပ္ပံအခန်းကဏ္ဍသည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်သွားကြရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာမြေပေါ် မြေအောက်သယံဇာတများအလွန်ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး မြေပေါ်မြေအောက်သယံဇာတဟူသည် လူတို့အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့်လည်းကောင်း၊ မမျှော်လင့်သည့်သဘာဝဘေးအန္တရာယ်များကြောင့်လည်းကောင်း၊ လျော့နည်းသွားတတ်သည့်အနေအထားရှိကြောင်း၊ သို့ပါ၍မောင်တို့မယ်တို့၏ ကျွမ်းကျင်မှုပညာရပ်များကိုသာ အရင်းအနှီးပြု၍စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုခေတ်မီတိုးတက်အောင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ ဒါ့ကြောင့်နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးကိုလည်းအလေးထားသွားရမည်ဖြစ်ကြောင်း၊ တတ်မြောက်ထားသော ခေတ်မီစိုက်ပျိုးရေးနည်းပညာများဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို တတ်စွမ်းသရွေ့ကြိုးစားဆောင်ရွက်ပေးကြပါဟု အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်က တောင်သူများကို နည်းပညာအသစ်များပညာပေးကာ ကြိုးစားဆောင်ရွက်စေချင်ကြောင်း၊ ခေတ်နှင့်အညီ မောင်မယ်တို့အမြဲလေ့လာနေဖို့ လိုအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အားပေးကူညီမှုဖြင့် လေ့လာရေးခရီးများသွားရောက်လေ့လာခဲ့ကြပြီးဖြစ်၍ စာတွေ့လက်တွေ့များကို ဆက်လက်ကြိုးစားဆောင်ရွက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ချက်ဖြင့် တိုးတက်ချင်လျှင်ရိုးသား၍အကောင်းမြင်စိတ်ဖြင့် လက်တွေ့အလုပ်လုပ်ကြပါဟု နှုတ်ဆက်အမှာစကားချီးမြှင့်ပြောကြားသည်၊၊
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအားလုံးကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်နှုတ်ဆက်စကားပြန်လည်ပြောကြားပြီး ကျောင်းသားကျောင်းသူများက ကျောင်းပဒေသာပင်အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)