ပန်းတောင်း စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲကို မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်း၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ပူးပေါင်း၍ ယမန်နေ့နေ့လယ်(၁)နာရီအချိန်က အ.လ.က(စွယ်တော်)စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.လ.က(စွယ်တော်)ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာမတစ်ဦးမှအဖွင့်အမှာစကားပြောကြားပြီး ဆရာတော်ကနောင်နိုင်နွယ်ဦး(စာပေဗိမာန်ဆုရ)မှ “စွယ်တော်ကျောင်းကခေါင်းလောင်းသံ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမောင်လှကျော်(ပန်းတောင်း)မှ “ငြိမ်းချမ်းစေချင်ကဗျာသင်”ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/သူများအား သုတ/ရသစာပေအကြောင်းအရာများ ဟောပြောခဲ့သည်။
၎င်းနောက် ဆရာတော်ကနောင်နိုင်နွယ်ဦး(စာပေဗိမာန်ဆုရ)မှ ကျောင်းသား/သူ(၇)ဦးအား စာအုပ်လက်ဆောင်များပေးအပ်ပြီး ဆရာမတစ်ဦးမှကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါဟောပြောပွဲတွင် အ.လ.က(စွယ်တော်)ကျောင်းမှ ကျောင်းသား/သူ (၇၉)ဦးနှင့် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။
လပြည့်လင်း(ပြန်/ဆက်)