ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်

ဟားခါး စက်တင်ဘာ ၅

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတွင် ပါဝင်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာချင်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သန်းခေါင်စာရင်းကောက်ယူခြင်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို အားလုံးအသိဖြစ်ကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် သန်းခေါင်စာရင်းကော်မတီဟူ၍ ကော်မတီ (၂)ရပ် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီများ ဖွဲ့စည်းလာသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းတာဝန်များရှိလာသည်ဖြစ်သဖြင့် ကော်မတီဝင်များအနေဖြင့် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ပြီး ၊ ဆောင်ရွက်ဆဲနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝင်းမြင့်နှင့် ချင်းပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုတို့က ချင်းပြည်နယ်အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူးများက သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက် )