ဆိပ်ဖြူမြို့၌ ပုံပြောခြင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ဆိပ်ဖြူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက် အ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ဗဟုသုတများ စုံလင်စွာရရှိစေရန်၊ လေ့လာမှတ်သားတတ်သော အလေ့ကျင်ကောင်းများနှင့် စာဖတ်စွမ်းရည်နှင့် အပြောစွမ်းရည်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစိးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်မြင့်မားစေရန်နှင့် လူအများရှေ့တွင် ပြောရဲဆိုရဲ ရှိစေရေး အပြောစွမ်းရည်သတ္တိလေ့ကျင့် မွေးမြူပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စီစီမိုးက ပုံပြင်များပြောပြပေးပြီး ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်း ပုံပြင်စာအုပ်များ ဖတ်ပြ၍ ပုံပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညွန့်နန္ဒာတင်