လိပ်သို စက်တင်ဘာ ၅
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်ကျရောက်မည့် “ နိုင်ငံတကာစာတတ်မြောက်ရေးနေ့”အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာအသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ကျောင်းသူများအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသုံးဗလာ စာအုပ်များနှင့် ဘောလ်ပင်များကို အမှတ်တရပေးအပ်ခဲ့ပြီး အာဟာရမုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)