မကွေး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့နယ် အောင်စေတနာရပ်ကွက် အ-လ-က-အောင်စေတနာ (၁၄၀×၃၀) ပေ RCC (၂) ထပ် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် မကွေးမြို့ ရေစီးရေလာ ကောင်းမွန်စေရေး တက္ကသိုလ်အရှေ့ဘက်လမ်း အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ အောင်စေတနာရပ်ရှိ အ-လ-က-အောင်စေတနာသို့ ရောက်ရှိပြီး အလက-အောင်စေတနာ (၁၄၀×၃၀) ပေ RCC(၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပညာရေးဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ (၄၆၀.၆၆၀၀) ကျပ်သန်းဖြင့် ဆောင်ရွက်သည့် အ-လ-က-အောင်စေတနာ (၁၄၀×၃၀)ပေ RCC(၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဆောင်သစ်အဆောက်အဦမှာ အလယ်တန်းအဆင့်ဆိုသော်လည်း အထက်တန်းအဆင့်အထိ တိုးမြှင့်သင်ကြားနိုင်သည့် အနေအထားမျိုးတွေ့ရပြီး အဆောက်အဦရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးအတွက် စေတနာထားဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်စံနှုန်းများနှင့်အညီ အချိန်မှီပြီးစီးဆောင်ရွက်နိုင်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့ တက္ကသိုလ်အရှေ့ဘက်လမ်း(တောင်တွင်းလမ်းနှင့် သစ်တောလမ်းကြား )အုတ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတို့မှ တက္ကသိုလ်အရှေ့ဘက်လမ်း (တောင်တွင်းလမ်းနှင့် သစ်တောလမ်းကြား) အုတ်ရေမြောင်းပြုလုပ်ခြင်းကို ခွင့်ပြုငွေ (၃၃၂.၉၆၆) ကျပ်သန်းဖြင့် (၄၁၃၀×၃×၄) ပေအတိုင်းအတာ ဆောင်ရွက်မှုအခြေအနေများနှင့် မကွေးမြို့ရေစီးရေလာကောင်းမွန်စေရေးအတွက် လေတပ်စခန်း၊ မကျီးကန်ဘက်တို့မှ စီးဝင်လာသောရေများသည် အောင်ဇေယျာ စိတ္တသုခ ရေထုတ်မြောင်းမကြီးမှတစ်ဆင့် ကန်သာကန် (ရေစုရေထိန်းကန်) အတွင်းသို့ စီးဝင်ပြီး သတ်မှတ်ရေထိန်းပမာဏထက် ပိုလျှံသော ရေများအား ရေပိုလွှဲ(Spill Way)တဆင့် တောင်တွင်းလမ်းဖြတ်တံတားကို ဖြတ်၍ တက္ကသိုလ်အရှေ့ဘက် အုတ်ရေမြောင်းအတွင်းသို့ စီးဝင်နိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ပြီး၊ တက္ကသိုလ်အရှေ့ဘက်အုတ်ရေမြောင်းမှတစ်ဆင့် သစ်တောလမ်း အုတ်ရေမြောင်းအတွင်းသို့ ဖြတ်သန်းစီးဆင်းစေပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်စေမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးမြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မကွေးမြို့၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံချက်ရေမြောင်းအတိုင်းအတာမှာ (၁၇၉၀၈၂) ပေဖြစ်ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်ပြီးသည့် ရေမြောင်းအတိုင်းအတာမှာ (၁၆၇၅၆၅)ပေ ရာခိုင်နှုန်း အားဖြင့် (၉၃ )% ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
မောင်ညီညာ