ပေါင်းတည် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ အခြေခံစားသုံးကုန်စားအုန်းဆီများကို ပြည်သူများစျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစားသုံးနိုင်ရေးအတွက် နိုင်ငံတော်မှလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းညှိနှိုင်းကာ သင့်တင့်မျှတသောစျေးနှုန်းဖြင့် စနစ်တကျရောင်းချနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ လက်လီဆိုင်များ၊ ကုန်စုံဆိုင်ကြီးများအနေဖြင့်လစဉ် ထုတ်ပြန်သည့်သင့်တင့်မျှတသည့် စျေးနှုန်းဖြင့်ရောင်းချပေးရေးအတွက် တာဝန်ရှိအဖွဲ့များက ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီး၊ ယနေ့တွင် အခြေခံစားသုံးကုန်စားအုန်းဆီ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ရပ်ကွက်နှင့်ကျေးရွာများရှိ စားသုံးသူပြည်သူများအတွက် မြို့နယ်အတွင်းရှိ ဆီကိုယ်စားလှယ်ဆိုင်ကြီး ၆ ဆိုင်က နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ရွှေသား(ပြန်/ဆက်)